ပြည်တွင်းသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


လောလောဆယ်တွင် ကျန်းမာရေးအာမခံ ၀န်ဆောင်မှုဆောင်ရွက် နိုင်ခြင်း မရှိသေးသော်လည်း ကျန်းမာရေးအာမခံအပေါ် အများပြည်သူ နှင့်ပုဂ္ဂလိက ဆေးရုံဆေးခန်းများ စိတ်ဝင်စား PDF Print E-mail

 

    မြန်မာနိုင်ငံတွင် ကျန်းမာရေးအာမခံ ၀န်ဆောင်မှုဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်း ပြီးခဲ့သည့်နှစ်မှစ၍ အများပြည်သူ စိတ်ဝင်စားမှု မြင့်တက်လာခဲ့သည့်အပြင် ပုဂ္ဂလိက ဆေးရုံဆေးခန်းများကပါ စိတ်ပါ ၀င်စားမှုပိုမိုလာကြောင်း သတင်းရရှိသည်။

 
    စိတ်ဝင်စားမှု မြင့်တက်လာခြင်းနှင့်အတူ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အစိုးရ အာမခံလုပ်ငန်းဖြစ်သည့် မြန်မာ့အာမခံလုပ်ငန်းသည် ဖြစ်ပေါ်ပြောင်းလဲလာသည့် တိုးတက်မှု၊ ပြောင်းလဲလာမှု အခြေအနေများနှင့်အညီ  အများပြည်သူ လိုအပ်ချက်များရှိလာသည့် အာမခံ အမျိုးအစားအသစ်များကို တိုးမြှင့်ပေးနိုင်ရန် အတွက် စီစဉ်လျက်ရှိရာတွင် ကျန်းမာရေးအာမခံသည် တစ်ခုအပါအ၀င် ဖြစ်ကြောင်း သိရှိရသည်။


    မြန်မာနိုင်ငံတွင် ကျန်းမာရေး အာမခံ စတင်ဆောင်ရွက်နိုင်ပါက နည်းပညာနှင့် အသိပညာ အတတ်ပညာများ အထောက်အကူပြုစေရန်အတွက် မြန်မာ့အာမခံလုပ်ငန်းနှင့် ဂျပန်အာမခံကုမ္ပဏီ Sompo Japanတို့ ပူးပေါင်းကျင်းပသည့် ကျန်းမာရေး အာမခံနှင့် ပတ်သက်သည့် ဆွေးနွေးပွဲကို ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် ဇူလိုင်လဆန်းပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲတွင်  ဂျပန်နိုင်ငံမှ အာမခံပညာရှင်နှစ်ဦး နှင့်မလေးရှားနိုင်ငံမှ အာမခံပညာရှင် တစ်ဦးတို့က ကျန်းမာရေးအာမခံ အကြောင်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ အဆိုပါ ဆွေးနွေးပွဲသည် ၁၂ နှစ်တာကာလအတွင်း မြန်မာ့အာမခံလုပ်ငန်းမှ ပထမဆုံးအကြိမ် ကျင်းပသည့် ဆွေးနွေးပွဲဖြစ်သည့်အပြင် ကျန်းမာရေးအာမခံနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပသော ဆွေးနွေးပွဲလည်းဖြစ်ပြီး မြန်မာ့အာမခံလုပ်ငန်း၊ ကျန်းမာရေးဦးစီးဌာန၊ အလုပ်သမား ဦးစီးဌာန၊ မြန်မာနိုင်ငံဆေးပညာ ရှင်များအသင်း၊ ပုဂ္ဂလိက ဆေးရုံဆေးခန်းများမှ ကိုယ်စားလှယ်များ၊ အထူးကုဆရာဝန်ကြီးများနှင့် အာမခံကိုယ်စားလှယ်များ စိတ်ဝင်စားစွာ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။  


    ဆေးရုံဆေးခန်းများ၊ ဆရာဝန် များနှင့် လူနာများအကြားတွင် မလိုလားအပ်သည့် ပြဿနာရပ်များ၊ မတော်တဆ ဖြစ်ရပ်များ ဖြစ်ပွားခဲ့မှုများကြောင့် ကျန်းမာရေး အာမခံအပေါ် စိတ်ဝင်စားမှု မြင့်တက်လာပြီး  ဆေးရုံဆေးခန်းကြီးများနှင့်  ဆေးပညာလောကမှလည်း ပိုမိုစိတ်ဝင်စား လာကြသည့်အတွက် ဆွေးနွေးပွဲကျင်းပ၍ မြန်မာနိုင်ငံတွင် ဆောင်ရွက်နိုင်ရန်  ပြင်ဆင်မှုများပြုလုပ်ခြင်း ဖြစ်သည်ဟု သိရသည်။


ရှောင်လွဲလို့မရနိုင်တဲ့ ဆုံးရှုံးပျက်စီး မှုတွေ၊ မမျှော်မှန်းနိုင်တဲ့ ဖြစ်ရပ်တွေ ဖြစ်လာတဲ့အခါ ငွေကြေးနဲ့အစားထိုး ကုစားပေးနိုင်တာ အာမခံပဲရှိတဲ့အတွက် ဖြစ်ပေါ်ပြောင်းလဲလာတဲ့ အရာတွေအပေါ်မှာ အာမခံထားဖို့ကို စိတ်ဝင်စားလာကြတာပါ။ လူ့အသက်တစ်ချောင်းကို ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့မရပေမယ့် မထင်မှတ်တာတွေ ဖြစ်လာတဲ့အခါ အာမခံက အထိုက်အလျောက်တော့ ကုစားပေးနိုင်တဲ့သဘောပါ


    'ကျန်းမာရေး အာမခံအပေါ် လူထုစိတ်ဝင်စားမှု မြင့်တက်လာတဲ့အပြင် ဆေးရုံလောက၊ ဆေးပညာလောက ကလည်း စိတ်ဝင်စားလာကြတယ်။ နောက်ပြီး Unicef အဖွဲ့ကလည်း စိတ်ဝင်စားမှုရှိနေတယ်။ ဒီအတွက် ကျန်းမာရေးအာမခံကို မြန်မာနိုင်ငံမှာ ၀န်ဆောင်မှုပေးမယ် ဆိုရင် အတွေ့အကြုံလည်းရအောင်၊ နည်းပညာတွေ၊ အသိပညာ အတတ်ပညာတွေရအောင်လို့ ဒီလိုဆွေးနွေးပွဲလေးကို ကျင်းပပေးရတာပါ။ ကျန်းမာရေးအာမခံက အခုနောက်ပိုင်း ရေပန်းစားလာတဲ့အတွက် ၀န်ဆောင်မှုပေးနိုင်ဖို့ကို ပြင်ဆင်တဲ့အပိုင်းပဲ ရှိပါသေးတယ်။ ဒီအပေါ်ကိုလည်း ဆရာဝန်တွေ တော်တော်များများ စိတ်ဝင်စားကြတာကို တွေ့ရပါတယ်။ ရှောင်လွဲလို့မရနိုင်တဲ့ ဆုံးရှုံးပျက်စီး မှုတွေ၊ မမျှော်မှန်းနိုင်တဲ့ ဖြစ်ရပ်တွေ ဖြစ်လာတဲ့အခါ ငွေကြေးနဲ့အစားထိုး ကုစားပေးနိုင်တာ အာမခံပဲရှိတဲ့အတွက် ဖြစ်ပေါ်ပြောင်းလဲလာတဲ့ အရာတွေအပေါ်မှာ အာမခံထားဖို့ကို စိတ်ဝင်စားလာကြတာပါ။ လူ့အသက်တစ်ချောင်းကို ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့မရပေမယ့် မထင်မှတ်တာတွေ ဖြစ်လာတဲ့အခါ အာမခံက အထိုက်အလျောက်တော့ ကုစားပေးနိုင်တဲ့သဘောပါ။ အာမခံထားလို့ မတော်တဆဖြစ်ရတာမျိုး မဟုတ်ပေမယ့် အာမခံထားသူတွေ မတော်တဆ ဖြစ်ခဲ့ရင်တော့ ထိုက်သင့်တဲ့လျော်ကြေး ကို ပေးလျော်ရမှာပဲဖြစ်ပါတယ်' ဟု မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဒေါက်တာမောင်မောင်သိမ်း က ပြောကြားခဲ့သည်။


    ကျန်းမာရေး အာမခံနှင့် ပတ်သက်၍ အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း 'ဒီအာမခံအပေါ် ကျွန်တော်တို့လည်း စိတ်ဝင်စားပါတယ်။ မြန်မာ့အာမခံလုပ်ငန်းအနေနဲ့ ဒီဆွေးနွေးပွဲအပြင် အလုပ်ရုံ ဆွေးနွေးပွဲတွေ ထပ်မံပြုလုပ်ပြီးတော့မှ ဘယ်လိုပုံစံနဲ့ ၀န်ဆောင်မှုတွေပေးမလဲ ဆိုတဲ့အပေါ်မှာ ကျွန်တော်တို့က ဘယ်လိုကူညီပေးရမလဲ၊ ဘယ်လို ပူးပေါင်း ဆောင်ရွက်ရမလဲ ဆိုတာကို သိနိုင်မှာပါ။ အခုလက်ရှိ မြန်မာ့အာမခံက ဆောင်ရွက်နေတဲ့မြွေအာမခံလို၊ သင်္ဘောသား အသက်အာမခံတွေလို အများပြည်သူနဲ့  ထိတွေ့နီးစပ်မှုရှိတဲ့ အကြောင်းအရာ ပုံစံမျိုးကနေ စတင်မယ်ဆိုရင် အဆင်ပြေမယ်လို့ ယူဆရတာပါပဲ။  ဒါပေမယ့် မြန်မာ့အာမခံက ဆောင်ရွက်ပေးမယ့် ကြိုးစားနေမှုအပေါ်မှာ ကျွန်တော်တို့ကလည်း ပူးပေါင်းဆောင်ရွက်ရမှာပါ' ဟု၎င်း၏အမြင်ကို သုံးသပ်ပြောကြားခဲ့ပါသည်။


    ကျန်းမာရေး အာမခံဝန်ဆောင်မှုကို မပေးသေးသော်လည်း အများပြည်သူများအနေဖြင့် ပြည်သူပြည်သား အသက်အာမခံ၊ ကိုယ်အင်္ဂါ ထိခိုက်မှုနှင့် ရောဂါဘယအာမခံတို့ ကို ထားရှိနိုင်သည်ဟု သိရသည်။ ပြည်သူပြည်သား  အသက်အာမခံသည် အာမခံထားရှိခဲ့သူ၏ အာမခံသက်တမ်းအတွင်း တစ်စုံတစ်ရာ ဖြစ်ပွားမှုမရှိခဲ့ပါက ပေးသွင်းခဲ့သည့် အာမခံကြေးများကို ပြန်လည်ထုတ်ယူနိုင်သည့် ငွေစုဆောင်းသည့်သဘောပင်ဖြစ်ပြီး  ကိုယ်အင်္ဂါထိခိုက်မှုနှင့် ရောဂါဘယ အာမခံမှာ အာမခံထား ရှိသူ မတော်တဆထိခိုက်မှုဖြစ်၍ သေဆုံး၊ ဒဏ်ရာ ရရှိခြင်း၊ ကိုယ်အင်္ဂါချို့ယွင်းခြင်း၊ မသန်မစွမ်းဖြစ်ခြင်းနှင့် အာမခံအဆိုလွှာပါ ရောဂါ အမျိုးမျိုးကြောင့် ဆေးဝါးကုသမှု ခံယူနေရခြင်း၊ မသန်မစွမ်းဖြစ်ခြင်း စသည်ဖြင့် ဆုံးရှုံးနစ်နာနေမှုများ အတွက် ငွေကြေးအထောက်အပံ့ ရရှိနိုင်ရန်နှင့် ဆေးဝါးကုသစရိတ်ရရှိ နိုင်ရန် အကာအကွယ်ပေးသော အာမခံဖြစ်၍ အာမခံသက်တမ်းတွင် တစ်စုံတစ်ရာ ဖြစ်ပွားမှုမရှိခဲ့ပါက ပေးသွင်းခဲ့ရသည့် ပရီမီယံကြေးကိုမူ ပြန်လည်ထုတ်ယူခွင့်မရှိကြောင်း သိရသည်။


    ယင်းအပြင် စက်ရုံ အလုပ်ရုံ ကုမ္ပဏီဝန်ထမ်းများအတွက် စုပေါင်း အသက်အာမခံကိုလည်း ထားရှိနိုင်သည်ဟု သိရသည်။  အသက်အာမခံ ကို အစိုးရ၀န်ထမ်းများ ထားရှိမှုများပြားပြီး စုပေါင်း အသက်အာမခံကိုမူ ပုဂ္ဂလိကမှထားရှိမှု များပြားသည်ဟု သိရသည်။ အချို့သော ကုမ္ပဏီများ အနေဖြင့် မိမိတို့၏ ၀န်ထမ်းများ အတွက် ကျန်းမာရေးစောင့်ရှောက်မှု ရန်ပုံငွေများထားရှိပေးကာ ၀န်ထမ်းများ၏ ကျန်းမာရေးစရိတ်၊ ဆေးကုသစရိတ်များကို ရာခိုင်နှုန်းဖြင့် ကျခံပေးမှုများရှိသည်ဟု သိရသည်။


    ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံဆေးခန်းများမှာမူ တာဝန်ရှိမှု အာမခံထားရှိရန် စိတ်ဝင်စားသည်ဟုသိရပြီး မြန်မာနိုင်ငံတွင် ၀န်ဆောင်မှုမပေးသေးကြောင်း သိရသည်။ ယင်းအတွက် ကျန်းမာ ရေး အာမခံပေါ်ပေါက်လာပါက ဆရာဝန်များ၊ ဆေးရုံဆေးခန်းများသည် ရှောင်လွဲ၍မရနိုင်သော၊ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များအတွက် အာမခံထားရှိ၍ ကာကွယ်ထားလိုကြသည်ဟု သိရသည်။           

 

Comments 

 
-1 #5 ပုံတောင်သား 2010-07-31 17:00
Quoting specialoneakm:
တာဝန်ရှိမှုအာမခံဆိုပါလား ဆရာဝန်တွေအတွက်ကာဗာရတော့မယ်တူတယ် လူနာတွေတော့...........

မကြောင် စမ်းပါနဲ့ ကွာ...နိုင်ငံတကာမှာ လူနာက ဒီဆရာ ဝန်နဲ့ မှ ပြချင်ပါတယ်...လို့ ရွေးလိုမှ့ မ၇တာ..နိုင်ငံတကာက ဆ၇ာဝန်တွေ တရက်မှာ ကြည့်ရတဲ့ လူနာအရေအတွက်...တစ်ယောက်ကြည့်တာ နဲ့ ရတဲ့ ငွေ.... မင်းသိလို့ လား...Sakura,SSC,Asia Royal တို့ မှာ operation တွေရှိရက်နဲ့နော က်ကိုရွေ့ ပြီ့း အစိုးရဆေးရုံမှာ တပြားမှမရဘဲ operation ကို ၈နာရီလောက်ကြာအောင် လုပ်ပေးတဲ့ Professor တွေ ရှိတာသိရဲ့ လား....HIV ပိုးရှိနေတာ သိရက်နဲ့  တပြားမှ အပိုမရပဲ ခွဲစိတ်ပေးနေတဲ့ ဆရာဝန်ကြီးတွေ....တပုံကြီးပါ...မင်း HIV ရှိတဲ့လူနာကို မင်းဆွေမျိုးမဟု တ်ရင် ကူညီဘူးရဲ့ လား..နိုင်ငံတကာမှာ ဆရာဝန် ရတဲ့ လစာက ခွဲရင် ခွဲစိတ်သလောက်.. လူနာကြည့်ရင် ကြည့်သလောက်ရတာ သိလို့ လား...မင်း ဆရာဝန် ဖြစ်အောင် ခြောက်နှစ်ပဲ ကျောင်းပဲတက်ကြည့်ပါဦး.. ဉာဏ်ရည်မီမှာ မဟုတ်လို့  စာလေ့လာဖို့ မပြောသေးဘူးနော်...သိတာလေး တစ်ထွာတစ်မိုက် နဲ့  အာမချောင် ပါနဲ့ ကွာ..ဆေးကျောင်း first year,second MB ကို ပဲအောင် .အောင် တက်ကြည့်ပါဦး...
 
 
+2 #4 minlolu 2010-07-31 09:47
People can not get free health care.Where has the money gone from selling gas,jade, electracity and export import taxes?Every one has enoght money to buy health insurance? I think over 60% of population have only can take care of every day needs.
 
 
0 #3 koswarkyal 2010-07-30 00:13
ကျန်းမာရေးအာမခံ ဆိုပြီး သက်ဆိုင်ရာအစိုး ရက သူ့ဝန်ထမ်းတွေကိုထားပေး၊ ကုမ္ပဏီတွေက သူ့ဝန်ထမ်းတွေကိုထားပေးလေဗျာ။ အစိုးရက "စ"ရမှာ။ အစိုးရ၀န်ထမ်းတွေခမျာ ဆေးကုသစရိတ်တောင်မရှိဘူး။ အလုပ်သမားလူမှုဖူ လုံရေးဆိုတာ အလကားငွေကောက်ပြီး အိတ်ထဲထည့်နေတာပဲ။ ၅ သိန်း၊ ၁၀ သိန်း၊ ၂၅ သိန်း၊ ၅၀ သိန်း၊ ၁၀၀ သိန်း၊ အစားစားထားပြီး လုပ်ပါ။ မြန်မြန်လုပ်ပါ။ အခုဆရာဝန်တွေက သူ့တို့လျော်ကြေးအတွက် အာမခံစီစဉ်နေတယ် ကြားတယ်။ မစိုးရိမ်ပါနဲ့။ လူနာတွေဘယ်လို တရားစွဲစွဲ၊ တရားသူကြီးက ခင်ဗျားတို့ပဲအနိုင်ပေးမှာ။ လူနာတွေဆေးကုဖို့ ပဲ အာမခံ လုပ်ငန်းက စီစဉ်ပါဗျာ။ ဒါတွေပေါ်လာရင် ကျုပ်တို့သက်သာမ ယ်။ ကုမ္ပဏီဝန်ထမ်းတွေလည်း ကျန်းမာရေးအာမခံ အတွက် ကိုယ့် Boss တွေကို တောင်းဆိုပေါ့ဗျာ။ မြန်မြန်စနိုင်ေ လကောင်းလေပဲ။
 
 
+3 #2 specialoneakm 2010-07-29 11:31
တာဝန်ရှိမှုအာမခံဆိုပါလား ဆရာဝန်တွေအတွက်ကာဗာရတော့မယ်တူတယ် လူနာတွေတော့...........
 
 
+6 #1 sky7 2010-07-28 16:14
အဲ..ဒါဆိုရင်..အာမခံလုပ်ငန်းကြီး..ဒေ၀ါလီ..ခံသွားလိမ့်မယ်..ဆရာဝန်တွေကြောင့် လေ........