မန္တလေး နှင့် နယ်သတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


လက်ဝတ်ရတနာများ ၀တ်ဆင်ရာတွင် ယခုနောက်ပိုင်း၌ ဒီဇိုင်းပေါ်မူတည်၍ ရွေးချယ်လာကြကြောင်း သိရ PDF Print E-mail

Jewellry

        မန္တလေးမြို့တွင် လက်ဝတ်ရတနာပစ္စည်းများ ၀တ်ဆင်ကြရာ၌ ယခုနောက်ပိုင်းတွင် လက်ဝတ်ရတနာပစ္စည်း၏ ဒီဇိုင်းပုံစံပေါ်မူတည်၍ ရွေးချယ်ဝတ်ဆင်လာကြကြောင်း စုံစမ်းသိရှိရသည်။ ထိုကဲ့သို့ ဒီဇိုင်းဦးစားပေး ၀ယ်ယူမှုများသည် ယခု နောက်ပိုင်းလေးနှစ်၊ ငါးနှစ်ခန့်မှ စတင်လာကြောင်း သိရှိရပါသည်။

        ''ဒီနောက်ပိုင်း လေးနှစ်ငါးနှစ် အတွင်းမှာ ၀ယ်လက်တွေက လက်ဝတ်ရတနာဝယ်ပြီဆိုရင် သူတို့ဝယ်ယူမယ့် လက်ဝတ်ရတနာပစ္စည်းရဲ့ လှပမှုဒီဇိုင်းကို ဦးစားပေး ကြည့်ရှုလာကြပါပြီ။ အများစုကတော့ ခေတ်မီတဲ့ ဒီဇိုင်းတွေကိုပဲ ၀ယ်ကြတာများ ပါတယ်။ အဓိကကတော့ တီဗီလိုင်းတွေကနေ တရုတ်ကားတွေ၊ ကိုရီးယားကားတွေ ၀င်ရောက်လာရာကနေတစ်ဆင့် လက်ဝတ်ရတနာ ဒီဇိုင်းတွေလည်း ပြောင်းလဲလာသလို ၀ယ်ယူသူတွေဘက်ကလည်း ဒီဇိုင်းပေါ်မူတည်ပြီး ရွေးချယ်ဝယ်ယူလာ ကြတာကို တွေ့ရပါတယ်။ ဥပမာ- နားကပ်ဆိုရင် အရင်ကတော့ မြန်မာဆန်ဆန် အရွယ်သေးသေး ချယ်နားကပ်လေးတွေကိုပဲ ဦးစားပေး ၀တ်ဆင်ခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာ နားကပ်ကြီးကြီးတွေကို ပိုပြီး ကြိုက်လာကြတယ်။ ပြီးတော့ နားဆွဲတွေ ကိုလည်း လူကြိုက်များလာပြီး လူငယ်အများစုကိုတော့ နားဆွဲတွေနဲ့ပဲ တွေ့ရတာ များလာပါတယ်။ ဈေးကြီးတယ် ဈေးပေါတယ်ဆိုတာထက် လှဖို့ကိုပိုပြီးတော့ ဦးစားပေးလာကြတယ်။ အရင်ကလို မြန်မာဆန်ဆန် ဒီဇိုင်းဆိုတာက လူကြီးအနည်းစုဆီ မှာပဲ တွေ့ရတော့တာပါ''ဟု မန္တလေးတိုင်း ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါ်ခင်လေးမြင့်က ပြောပါသည်။

        ယခင်က မြန်မာလူမျိုး အများစုသည် ရွှေကိုသာ ဦးစားပေး ၀တ်ဆင်ခဲ့ကြောင်း၊ ကျောက်မျက်ရတနာများဖြင့် တွဲဝတ်ဆင်ရာတွင်လည်း ရွှေကိုသာ များစွာပါစေခဲ့ကြောင်း၊ သို့သော် ယခုနောက်ပိုင်း၌ ရွှေဦးစားပေးမှုများ နည်းပါးလာပြီး ကျောက်မျက်ရတနာများဖြင့် မျှတအောင် ဆင်သလာမှုကြောင့် လက်ဝတ်ရတနာ ၀တ်ဆင်ရာတွင် အချိုးညီလာကြောင်း၊ ဒီဇိုင်းများ တီထွင်ရာတွင် နိုင်ငံခြားဒီဇိုင်းများကို မှီငြမ်းတီထွင်မှုများ ရှိသလို ပြည်တွင်း ပန်းတိမ်ဆရာများ၏ ကိုယ်ပိုင်လက်ရာများလည်း များစွာရှိကြောင်းကိုလည်း အဆိုပါ ဥက္ကဋ္ဌက ဆက်လက်ပြောပါသည်။

        နောက်ပိုင်း လက်ဝတ်ရတနာ ပစ္စည်းများတွင် စိန်၊ ပတ္တမြား၊ နီလာ နှင့် ကျောက်စိမ်းတို့မှာ လူကြိုက်များလာသဖြင့် ဒီဇိုင်းတော်တော်များများသည် အဆိုပါ ကျောက်များဖြင့် ရေးဆွဲထားခြင်းဖြစ်ပြီး တခြား ကျောက်မျက် ရတနာပစ္စည်းများ ဖြစ်ကြသော ကျောက်စိမ်း၊ စလင်း၊ ပြောင်ခေါင်းစိမ်း၊ ပြောင်ခေါင်းညို၊ ခရမ်းဆွဲ၊ ပုလဲ စသည်တို့ဖြင့်လည်း အထိုက်အလျောက် ဒီဇိုင်းပုံစံများ ထုတ်ကြကြောင်း သိရပါသည်။