ပြည်တွင်းသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


ငါးသိန်းတန်ဖုန်း သုံးစွဲလိုသူအများစု ဖုန်းရရှိရန် တစ်ဆင့်ခံပွဲစားများကို အားကိုးနေ PDF Print E-mail
    ငါးသိန်းတန်ဖုန်းသုံးစွဲလိုသူ  အများစု ဖုန်းရရှိရန် တစ်ဆင့်ခံပွဲစား များကို အားကိုးနေပြီး အချို့မှာ မိမိ ကိုယ်တိုင်လျှောက်ထား၍ ရနိုင်ခြင်း ကို မသိရှိခြင်းများ ပါဝင်ကြောင်း စုံစမ်းသိရှိရသည်။

 
    ရန်ကုန်မြို့တွင် ငါးသိန်းတန် ဖုန်းစတင်သုံးစွဲခွင့်ပြုစဉ်က သက်ဆိုင်ရာ ရ.ယ.ကမှ တစ်ဆင့် ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီသို့ လိပ်မူလျှောက်ထားခဲ့ရပြီး နောက်ပိုင်းတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသို့ တိုက်ရိုက် လျှောက်ထားခွင့် ရရှိခဲ့သည်။


    ထိုသို့ ငါးသိန်းတန်ဖုန်းသုံးစွဲရန် အဆင်ပြေလာသည့်နည်းတူ ဖုန်းရရှိရန်အတွက် ၀န်ဆောင်ခယူကာ တစ်ဆင့်ခံ ဆောင်ရွက်ပေးသည့် ပွဲစားများ ပိုမိုများပြားလာပြီး အဆိုပါ ပွဲစားများကို အားကိုးသည့် ဖုန်းသုံးစွဲလိုသူများလည်း ယခင်ထက်ပိုလာကြောင်း သိရသည်။


    'ပွဲစားဆိုတာနေရာတိုင်း၊ ခွင်တိုင်းမှာရှိတယ်။ ငါးသိန်းတန်ဖုန်း ပေါ်လာတုန်းက ဖုန်းအရလုပ်ပေးတဲ့ ပွဲစားရှိတယ်။ အခု ဒီလိုလုပ်ပေးတဲ့ ပွဲစားတွေ ပိုများလာတယ်။ ဖုန်းလိုချင်တဲ့သူတွေကလည်း ကိုယ်သွားစရာမလိုဘဲ နောက်နေ့ဖုန်းရလာတော့ အဆင်ပြေရာပွဲစားကိုပဲ အပ်လိုက်တယ်'ဟု ဖုန်းသုံးစွဲသူတစ် ဦးက ဆိုသည်။


    ' ဖုန်းခက ငါးသိန်း၊ ကတ်က သုံးသောင်းနဲ့ သူတို့အတွက် လုပ်ပေးခက နှစ်သောင်း၊ အားလုံး ငါးသိန်းခွဲပဲကျတယ်'ဟု ရန်ကုန်မြို့ လှည်းတန်းတွင် နေထိုင်သူတစ်ဦး က ရှင်းပြသည်။


    ထိုသို့ ငွေကြေးတတ်နိုင်ပြီး အချိန်အကုန်မခံလိုသူများ၊ အလုပ်ရှုပ်မခံလိုသူများနှင့် အပင်ပန်းမခံလို သူများသည် တစ်ဆင့်ခံကြားပွဲစား များဖြင့် ငါးသိန်းတန်ဖုန်းရယူလိုခြင်းများ များပြားလာပြီး  အချို့မှာ ကိုယ်တိုင်လျှောက်ထား၍ ရနိုင်ခြင်းကို မသိရှိဘဲ တစ်ဆင့်ခံပြုလုပ်ပေးမှ ရရှိနိုင်သည်ဟု အထင်မြင်လွဲမှားမှုများလည်း ရှိကြောင်း  သိရှိရသည်။